ကျော်ဇင်မန်း (မြစ်မခ)
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ ကျီစုကျေးရွာအတွင်း အနောက်ကျောင်း သဇ္ဇနရာမ ကျောင်းတိုက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် ဆင်းရဲချို့တဲ့သူများ ကူညီစောင့်ရှောက်ရေး ကွန်ယက် အမည်ရှိ အခမဲ့ဆေးခန်းတစ်ခုကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ အဆိုပါဆေးခန်းအား နာမကျန်းသူများ၊ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များနှင့် ဆင်းရဲနွမ်းပါးသူများအတွက် အဓိကရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။

ဆေးခန်းဖွင့်လှစ်ထားသော ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ကျီစုကျေးရွာတွင် အိမ်ခြေ ၁၀၀၀ ကျော်ရှိပြီး သွားရေးလာရေးခက်ခဲခြင်း၊ အနီးတဝိုက်တွင် ဆေးရုံ ဆေးခန်းများမရှိခြင်း၊ လက်လုပ်လက်စား အခြေခံ လူတန်းစားများ များပြားခြင်းအစရှိသည့် လိုအပ်ချက်များကြောင့် ယခုကဲ့သို့ အခမဲ့ဆေးခန်း လာရောက်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ဆင်းရဲချို့တဲ့သူများ ကူညီစောင့်ရှောက်ရေးကွန်ယက် တာဝန်ခံ ကိုမျိုးသန့်ကျော်က ပြောသည်။
“ဒီနေရာက အခြေခံလူတန်းစားတွေ များတယ်။ ပြီးတော့ လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့အတွက် နာမကျန်းဖြစ်ရင် ကားဝင်လို့မရဘူး။ အထမ်းနဲ့ ထုတ်ရတယ်။ အဲလိုမျိုးလေးတွေ ရှိတာပေါ့။ နွမ်းပါးသူတွေအတွက် တကယ်လိုအပ်နေလို့ ဖွင့်တာပါ” ဟု တာဝန်ခံ ကိုမျိုးသန့်ကျော်က ပြောသည်။
ဆေးခန်း စတင်ဖွင့်လှစ်ခဲ့သည့်နေ့မှာပင် လာရောက်ဆေးကုသသူ လူနာဦးရေ ၁၁၆ ဦးရှိပြီး လက်ရှိအချိန်တွင် ဆေးခန်းအား ဆရာဝန်အခက်အခဲကြောင့် တစ်ပတ်လျှင် ကြာသပတေး နှင့် တနင်္ဂနွေ ၂ ရက်သာ ဖွင့်လှစ်၍ ကုသနိုင်မည်ဖြစ်ကြောင်း သိရသည်။ ကြာသပတေးနေ့တွင် အင်္ဂလိပ်ဆေးဆရာဝန်နှင့် ကုသပေးမည်ဖြစ်ပြီး၊ တနင်္ဂနွေနေ့တွင် လေဖြတ်သူများ၊ အညောင်းအညာမိနေသူများအတွက် တိုင်းရင်းဆေးဆရာဖြင့် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“အခုက စဖွင့်ခါစဆိုတော့ ဆရာဝန်တွေက မစုံသေးဘူး။ အဲဒါကြောင့် တစ်ပတ် ၂ ရက်ပဲ ဖွင့်နိုင်သေးတာပါ။ နောက်ပိုင်း ဆရာဝန်တွေရောက်လာရင်တော့ တစ်ပတ်လုံး ဖွင့်ပေးသွားမှာပါ။ တိုင်းရင်းဆေးဆရာထားတာက တချို့ကျတော့ တိုင်းရင်းဆေးနဲ့ပဲ ကုချင်တဲ့သူတွေရှိတယ်လေ” ဟု အဖွဲ့ဝင်လူငယ်တစ်ဦးက ပြောသည်။
ဆင်းရဲချို့တဲ့သူများ ကူညီစောင့်ရှောက်ရေးကွန်ယက်ကို လူဦးရေ ၄၀ ခန့်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လူငယ်များ အများဆုံးပါဝင်ကြောင်း သိရသည်။ ဆေးခန်းဖွင့်လှစ်နိုင်ရန် အဖွဲ့အတွင်းရှိ လူငယ်များနှင့် ပြင်ပအလှူရှင်များမှ လာရောက်လှူဒါန်းသော အလှူငွေများဖြင့် ယခုကဲ့သို့ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။
Myit Makha Media Group ၏ Face Book မှ သတင်းအား ပြန်လည်ဖော်ပြပါသည်။


