Home သတင်းနှင့်မှတ်တမ်း လှုပ်ရှားမှုသတင်းများ ပြည်တွင်းလူမှုရေးသတင်းများ Myanmar Child Aid ရန်ပုံငွေအဖွဲ့က မိဘမဲ့ကလေးများ စာသင်ကျောင်းကို ဦးစားပေးသွားမည်

Myanmar Child Aid ရန်ပုံငွေအဖွဲ့က မိဘမဲ့ကလေးများ စာသင်ကျောင်းကို ဦးစားပေးသွားမည်

E-mail Print PDF

   ဒီဇင်ဘာ ၁၇၊ ၂၀၁၀

        ၂၀၀၈ မေလ နာဂစ်မုန်တိုင်းသင့်ခဲ့ပြီး မိဘ ၂ ပါးစလုံး သေဆုံးခဲ့သူ ဧရာဝတီတိုင်း၊ လပ္ပတ္တာ၊ သင်ကန်းကုန်းမြို့နယ်တ၀ိုက်က မိဘမဲ့ကလေးသူငယ် ၆၁၃ ဦးကို မြန်မာချိုင်းအိဒ်ဖောင်ဒေးရှင်းက လစဉ် ပညာရေးထောက်ပံ့မှု ပြုလုပ်နေတာ ယခုဆိုရင် ကာလ ၂ နှစ် ကျော် ရှိခဲ့ပြီ ဖြစ်ပါတယ်။


        ယခု ၂၀၁၁ နှစ်သစ်က စတင်ပြီး ဧရာဝတီတိုင်းက ကျေးလက်တွေအရောက် မိဘမဲ့ကလေးသူငယ်တွေကို လိုက်လံထောက်ပံ့ကြေးပေးနေရာကနေပြီးတော့ ရန်ကုန်၊ မင်္ဂလာဒုံ၊ နွယ်ခွေ မှာ မိဘမဲ့ကလေးများ ဂေဟာနဲ့ စာသင်ကျောင်း အခြေချထူထောင်တဲ့ ပညာနဲ့ လူမှုဒါနအလုပ်တွေကို ဦးစားပေးလုပ်ကိုင်သွားတော့မယ်လို့ ဦးဆောင်သူ ငါးကျမ်းပြန်ကျောင်းတိုက် နဲ့ မေတ္တာနန္ဒကျောင်းတိုက် ဆရာတော် ဦးဓမ္မပီယက မိုးမခကို ပြောကြားလိုက်ပါတယ်


          နာဂစ်သင့် မိဘမဲ့ကလေးသူငယ်များကို ပြည်တွင်း ပြည်ပအလှူရှင်များက Myanmar Child Aid Foundation ကတဆင့် လစဉ် အမေရိကန်ဒေါ်လာ ၁၀ နဲ့အထက် အသီးသီး  ၃ နှစ်ကျော်သည်အထိ ထောက်ပံ့ပေးနေခဲ့ပါတယ်။ ၂၀၁၀ နှစ်အတွင်းမှာတော့ ကလေးသူငယ် ၆၀၀ ကျော်အတွက် အလှူငွေ လက်ခံရရှိမှုဟာ ၅ ဦးမှာ ၁ ဦး နှုန်းသာ လက်ခံရရှိတော့တယ်လို့ ဆိုပါတယ်။


         ၂၀၀၉ ခုနှစ်ကတည်းက စပြီးတော့ ဆရာတော်ဦးဓမ္မပီယနဲ့ ဦးဆောင်သူ စေတနာဝန်ထမ်းများဟာ ပညာဆက်လက်သင်ကြား လိုတဲ့ ကလေး အချို့ကို အုပ်ထိမ်းသူများနဲ့ တိုင်ပင်ပြီးတော့ အခြားမိဘမဲ့ကလေးဂေဟာနဲ့ စာသင်ကျောင်းများထံ ပို့ဆောင် အပ်နှံ ပေးခဲ့ကြ ပါတယ်။ ထိုအတူ ချိုင်းအိဒ်အဖွဲ့ကိုယ်တိုင်ကလည်း ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ နွယ်ခွေအရပ်မှာ မြေကွက်များကို ၀ယ်ယူပြီး မိဘ မဲ့ ကလေး များ (ကျား၊ မ) အတွက် မိဘမဲ့ဂေဟာနဲ့ မူလတန်း လွန်စာသင်ကျောင်း ဖွင့်လှစ်နိုင်ဖို့ အုတ်မြစ်ချ ခဲ့ကြပြီး ဖြစ်ပါတယ်။




     ယခု ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ အကြောင်းတရားများကြောင့် ၂၀၁၁ နှစ်သစ်က စတင်ပြီး နွယ်ခွေမှာ အခြေချထားတဲ့ မိဘမဲ့ ဂေဟာနဲ့ စာသင်ကျောင်းလုပ်ငန်းကို ဦးစားပေး ဆောင်ရွက်သွားတော့မယ် ဖြစ်ကြောင်း၊ ပညာဆက်လက်သင်ကြားလိုတဲ့ ကလေးသူငယ်များကို အဲသည်မှာ စောင့်ရှောက်မှု ပေးသွားမယ့် အကြောင်း၊ မိမိတို့ ကိုယ်တိုင်စာရင်းပေးထားပြီး ဆက်လက်လှူဒါန်းလိုတဲ့ အလှူရှင်များရဲ့ ကလေးသူငယ်များအတွက်ကိုတော့ ဆရာတော်တို့က ဆက်လက်ပြီး ထောက်ပံ့ကြေးများ လက်ခံပို့ဆောင်ပေးခြင်း သို့မဟုတ် အလှူရှင်ကိုယ်တိုင်က တိုက်ရိုက်ဆက်သွယ် ထောက်ပံ့ခြင်းများ ပြုလုပ်နိုင်အောင် စီစဉ်ပေးသွားမှာ ဖြစ်ကြောင်း ဦးဆောင်သူ ဆရာတော်ဦးဓမ္မပီယက ရှင်းပြပါတယ်။


     မိုးမခမီဒီယာက တဆင့် ချိုင်းအိဒ်မြန်မာသို့ လှူဒါန်းနေသူများအနေနဲ့ကတော့ အဆိုပါကလေးသူငယ်များအတွက် ထောက်ပံ့ကြေးများ ဆရာတော်တို့ထံက တဆင့် ဆက်လက်ရရှိနေမှာ ဖြစ်ပါတယ်။ အဲသည်ကလေးများအနက် ၁၀ တန်းကို ဂုဏ်ထူးနဲ့ အောင်ပြီးတော့ ပုသိမ်မှာ နည်းပညာကောလိပ်ဆက်တက်နေတဲ့ ကလေးတဦးအတွက်ကိုလည်း ဆရာတော်တို့အဖွဲ့က ဆက်လက် ထောက်ပံ့ပေးဆဲ ဖြစ်ကြောင်း သိရှိရပါတယ်။


(http://childaidmyanmar.org/)
Last Updated ( Tuesday, 26 April 2011 05:20 )  
Share/Save/Bookmark