Home အထူးကဏ္ဍ မီဒီယာများမှ ပြည်သူ့ဂုဏ်ရည်သတင်းများ

မီဒီယာများက ပြည်သူ့ဂုဏ်ရည်သတင်းများ

ပြည်သူ့ဂုဏ်ရည်အကြောင်း၊ လွတ်လပ်တဲ့အာရှအသံ (အာရ်အက်အေ) ၏ ၂၀၁၁ ဧပြီလ ၁၉ ရက် ထုတ်လွှင့်ချက်

လွတ်လပ်တဲ့အာရှအသံ (အာရ်အက်အေ) ၏ ၂၀၁၁ ဧပြီလ ၁၉ ရက် ထုတ်လွှင့်ချက်

    အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေက ပေးအပ် ချီးမြှင့်နေတဲ့ ဒုတိယမြောက် ပြည်သူ့ဂုဏ်ရည်ဆုအတွက် နာမည်စာရင်း အဆိုပြုခံရသူ ရဟန်းရှင်လူ ပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း စုစုပေါင်း၂၀ ထဲက ဆန်ခါတင် ၅ ဦး သတ်မှတ် ရွေးချယ်ရေး အစီအစဉ်ကို အမေရိကန်ပြည်ထောင်စု တဝန်းက မြန်မာမိသားစုတွေအကြား စတင်ဆောင်ရွက်နေပြီလို့ ဆုပေးပွဲကျင်းပရေး ကော်မတီဝင် စာရေးဆရာ ဦးထိန်လင်းက RFA ကို ဧပြီ ၁၈ ရက် မနေ့က ပြောပါတယ်။
    “စာရင်းပိတ်သွားတဲ့ အချိန်မှာ စုစုပေါင်း ၃၄ ဦးပေါ့နော်၊ ၃၄ ဦးဆိုတာ အဖွဲ့အစည်းလည်း အဲဒီထဲမှာပဲ ပေါင်းထည့်ထားတာပေါ့နော်။ အဲဒီကနေပြီးတော့ ၂၀ ကို ကျနော်တို့ ရွေးထုတ်ပြီးတော့ ဒီမှာ ရှိတဲ့ ပြည်သူ့ဂုဏ်ရည် ဒေသဆိုင်ရာ အဖွဲ့အစည်းတွေကနေပြီးတော့ ဆန်ခါတင် ၅ ဦး ပြန်ရွေးရမှာ ဖြစ်ပါတယ်”
    “အခုတော့ ကျနော်တို့ ၅ ဦး ရွေးတဲ့ အစီအစဉ်ကတော့ အခုကနေ စနေပြီပေါ့နော်။ စပြီဆိုတဲ့အခါကျ ကျနော်တို့ ဒီမှာ အမေရိကားမှာ ရှိတဲ့ ပြည်သူ့ဂုဏ်ရည် မိသားစုတွေ ရှိတဲ့ မြို့တွေမှာပေါ့၊ ဝိုင်းလုပ်ကြတဲ့ စေတနာရှင်တွေရော နောက်ပြီးတော့ မြို့ခံ၊ ဒေသခံတွေ ဆီကပါ တတ်နိုင်သလောက် ဆန္ဒတွေ ကောက်ပြီးတော့ ၅ ဦးပေါ့။ အခုဆိုရင် စပြီး ရွေးပြီပေါ့နော်”
    “ရွေးပြီဆိုတော့ ကျနော်တို့ လကုန်လောက်မှာ အဲဒီ အားလုံးကို ကျနော်တို့ စာရင်းပြန်ပေါင်းတဲ့အခါမှာ အများဆုံးက ရွေးချယ်ထားတဲ့ ဆန်ခါတင် ၅ ဦးကို အွန်လိုင်းမှာတင်ပဲ မဲပေးတဲ့ စနစ်နဲ့ ကျနော်တို့ ရွေးချယ်မှာ ဖြစ်ပါတယ်”
    ပြည်သူ့ဂုဏ်ရည်ဆုဟာ မြန်မာနိုင်ငံတွင်းမှာ လူမှုရေးလုပ်ငန်းတွေ အားကြိုးမာန်တက် ဆောင်ရွက်နေသူတွေကို နိုင်ငံတကာမှာ ရှိတဲ့ မြန်မာမိသားစုတွေက အင်တာနက် အွန်လိုင်းကနေ မဲစနစ်နဲ့ ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။
လောလောဆယ် နာမည်စာရင်း အဆိုပြုခံထားရတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း ၂၀ ထဲမှာ သီတဂူဆရာတော် အရှင် ဉာဏိဿရ၊ တောင်ဒဂုံ အိတ်အိုင်ဗီစင်တာ တာဝန်ခံ မဖြူဖြူသင်း၊ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်အဖွဲ့က ဦးမြင့်အေး၊ ကိုဇာဂနာ၊ ရခိုင်သဟာရအသင်းကြီးနဲ့ မူဆလင် ကုသိုလ်ဖြစ် ဆေးရုံတို့လည်း ပါဝင်ပါတယ်။
    ဒီဆုကို မနှစ်က စတင်ပေးအပ်ခဲ့တာ ဖြစ်ပြီး ပထမဆုံးအကြိမ် ပြည်သူဂုဏ်ရည်ဆုရှင်အဖြစ် နာရေးကူညီမှု အသင်းခေါင်းဆောင် ဦးကျော်သူကို ရွေးချယ်ပြီး ဆုငွေ အမေရိကန်ဒေါ်လာ ၇ ထောင် ချီးမြှင့်ခဲ့ပါတယ်။ အခုနှစ်အတွက် ရွေးချယ်ခံရတဲ့ ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို ဒေါ်လာ ၁ သောင်းအထိ တိုးမြှင့်ဂုဏ်ပြုဖို့ စီစဉ်ထားပြီး ဆုပေးပွဲကို ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့မှာ လာမယ့် မေလ ၁၅ ရက်နေ့ ကျင်းပမယ်လို့ သိရပါတယ်။
    ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲ ကျင်းပရေး ကော်မတီဝင် စာရေးဆရာ ဦးထိန်လင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

    အခုနှစ်ချီးမြှင့်မယ့် ပြည်သူ့ဂုဏ်ရည်ဆုအတွက် အဆိုပြုလွှာတွေ လက်ခံတဲ့အဆင့် ပြီးသွားပြီလားခင်ဗျ။

    ဟုတ်ကဲ့ခင်ဗျ၊ ဧပြီလ ၁၅ ရက်က နောက်ဆုံးရက်ဖြစ်ပါတယ်။ အခု အဆိုပြုလွှာစာရင်း ပိတ်သွားပါပြီခင်ဗျာ။

    စာရင်းပိတ်တဲ့ နောက်ဆုံးအခြေအနေရော ဘယ်လိုရှိပါသလဲခင်ဗျ။ ဘယ်နှစ်ဦးလောက်များ အဆိုပြုခဲ့ကြသလဲဆိုတာလေး။

    ဟုတ်ကဲ့ခင်ဗျ။ အခု စာရင်းပိတ်သွားတဲ့အချိန်မှာ စုစုပေါင်း အဖွဲ့အစည်းရော လူပုဂ္ဂိုလ်ရော ၃၄ ဦး။ အဲဒီကနေ ၂၀ ကို ရွေးထုတ်ပြီးတော့ ဒီမှာရှိတဲ့ ပြည်သူ့ဂုဏ်ရည် ဒေသဆိုင်ရာ အဖွဲ့အစည်းတွေက ဆန်ခါတင် ၅ ဦး ပြန်ရွေးရမှာဖြစ်ပါတယ်။

    ဒီ ၂၀ ထဲမှာပေါ့လေ လေးငါးခုလောက်ကို နာမည်လေး ရွတ်ပြပါလား။

    သြော် .. ဟုတ်ကဲ့ခင်ဗျ။ ကျနော်တို့ ဒီ ၂၀ မှာ ဆရာတော် သံဃာတော်တွေလည်း ပါပါတယ်။ ဥပမာအားဖြင့် သီတဂူဆရာတော် အရှင်ဉာဏိဿရ ပါပါတယ်။ နောက် ရခိုင်သဟာရအသင်း၊ မနှစ်ကတုန်းကတော့ အဆိုပြုလွှာမှာ မပါဘူးပေါ့နော်။ ပြီးတော့ အန်အယ်လ်ဒီ လူမှုအထောက်အကူပြုအဖွဲ့လည်း ပါပါတယ်ခင်ဗျ။ နောက် သုခရိပ်မြုံ အိတ်ခ်ျအိုင်ဗီ ကူးစက်ခံမိဘမဲ့ကလေးများဂေဟာ၊ တေဇာရာမ ဘုန်းတော်ကြီးသင်ကျောင်းက အရှင်အာစိဏ။

    ၂၀ ထဲကနေပြီးတော့ နောက်ဆုံးဆန်ခါတင် အဖွဲ့အစည်း ၅ ဖွဲ့ ဒါမှမဟုတ် လူပုဂ္ဂိုလ် ၅ ဦးကို ရွေးမယ်ဆိုတော့ ဘယ်တော့လောက်ကို ၅ ဦး ဆန်ခါတင်ရွေးတဲ့အစီအစဉ် စ မလဲခင်ဗျာ။

    ၅ ဦးရွေးတဲ့အစီအစဉ်ကတော့ အခုကနေ စနေပြီပေါ့နော်။ စပြီဆိုတဲ့အခါကျတော့ ကျနော်တို့ အမေရိကမှာရှိတဲ့ ပြည်သူ့ဂုဏ်ရည်မိသားစုတွေရှိတဲ့မြို့တွေမှာ ၀ိုင်းလုပ်ကြတဲ့ စေတနာရှင်တွေရော၊ နောက်ပြီးတော့ ဒေသခံတွေဆီကပါ တတ်နိုင်သလောက် ဆန္ဒတွေကောက်ပြီးတော့ ၅ ဦး အခုဆိုရင် စပြီးရွေးနေပြီ။ လကုန်လောက်မှာ အားလုံးကို စာရင်းပြန်ပေါင်းတဲ့အခါ အများဆုံးက ရွေးချယ်ထားတဲ့ ဆန်ခါတင် ၅ ဦးကို အွန်လိုင်းမှာ မဲပေးတဲ့စနစ်နဲ့ ရွေးချယ်မှာဖြစ်ပါတယ်။

    နောက်ဆုံး အပြီးသတ်ရွေးချယ်မှုကိုရော ဘယ်တော့လောက်ဖြစ်မယ်လို့ တွက်ထားလဲခင်ဗျ။

    ဟုတ်ကဲ့။ အပြီးသတ်ရွေးချယ်မှုက စုစုပေါင်း အွန်လိုင်းမှာ ၁၀ ရက် မဲပေးဖို့ရှိပါတယ်။ ပွဲကျင်းပမှာက မေလ ၁၅ ရက် ဆိုတော့ ပွဲမတိုင်ခင် ၂ ရက် ၃ ရက်မှာ အပြီး အွန်လိုင်းမဲပေးတဲ့စနစ်နဲ့ တကမ္ဘာလုံးက လူတွေ မဲပေးလို့ရအောင် ၁၀ ရက် ဆန်ခါတင်စာရင်းဝင် ၅ ဦးကို တင်ထားမှာဖြစ်ပါတယ်။ အဲဒီမှာ ၁၀ ရက်လုံးလုံး ကြိုက်တဲ့နေရာကနေ မဲပေးလို့ရအောင် စနစ် လုပ်ထားပါတယ်။ ပြီးတဲ့အခါကျတော့ အဲဒီအထဲက အများဆုံး ဆန္ဒပေးတဲ့သူကို ဆုပေးပွဲနေ့ကျမှ ကြေညာပြီး တခါတည်း ဆုပေးမှာဖြစ်ပါတယ်။

    ဒီနှစ်မှာပေါ့နော်၊ ပြည်သူ့ဂုဏ်ရည်ဆုပေးဖို့ စီစဉ်လှုပ်ရှားနေတာနဲ့ ပတ်သက်ပြီးတော့ ထူးခြားချက်အနေနဲ့ ဘာတွေများ ရှိပါသလဲခင်ဗျာ။

    ကျနော်တို့ စပြီး လုပ်တာ ၂ နှစ်ရှိပြီပေါ့နော်။ မနှစ်ကထက် ထူးခြားတဲ့ကိစ္စက ဘာလဲဆိုတော့ မနှစ်ကတုန်းကဆိုရင် ဆုရရှိတဲ့ ပုဂ္ဂိုလ်ကို ဆုကြေးငွေ ဒေါ်လာ ၇၀၀၀ ပေးဖြစ်တယ်ပေါ့နော်။ ဒီနှစ်မှာတော့ ဒေါ်လာ တစ်သောင်း ပေးဖို့အတွက် ကျနော်တို့ ဆုံးဖြတ်ထားကြပါတယ်။

    ရန်ပုံငွေရရှိမှုအခြေအနေရော ဘယ်လိုရှိပါသလဲခင်ဗျ ဒီဆုအတွက်ပေါ့လေ။

    ဟုတ်ကဲ့ခင်ဗျ၊ ရန်ပုံငွေ ရရှိမှုကတော့ တချို့ဒေသတွေမှာလည်း ရန်ပုံငွေဈေးရောင်းပွဲတွေဘာတွေ လုပ်တယ်။ ပြီးတော့ အလှူခံတာတွေရှိပါတယ်။ တချို့မြို့တွေမှာလည်း ပွဲမတိုင်ခင်မှာ လုပ်ဖို့အစီအစဉ်တွေ ဆက်ရှိနေပါတယ်ခင်ဗျ။

    ဒီ ပြည်သူ့ဂုဏ်ရည်ဆုနဲ့ပတ်သက်ပြီးတော့ ကမ္ဘာအနှံ့အပြားက မြန်မာနိုင်ငံသားတွေ ပိုပြီးတော့ ဒီဆုအကြောင်း သိလာကြတယ်လို့ရော သတိထားမိလားခင်ဗျ။

    ဟုတ်ကဲ့ခင်ဗျ၊ ပိုပြီးတော့ သိလာတယ်လို့ ကျနော်တို့ ယူဆမိပါတယ်။ တချို့ကျတော့လည်း ပိုစိတ်ဝင်စားတယ်။ နောက်ပြီးတော့ ဥပမာအားဖြင့် အဆိုပြုလွှာစာရင်း ပေးတဲ့အခါမှာဆိုလည်း အင်တာနက်ကနေတဆင့် အပြင် စာနဲ့ပေါ့နော်၊ စာတိုက်သေတ္တာကို လှမ်းပြီးပို့တာတွေလည်း ရှိပါတယ်။ အဲဒီအခါကျတော့ ဒီနှစ်မှာ အဆိုပြုတဲ့စာရင်းက မနှစ်ကတုန်းက မပါတဲ့လူတွေလည်း တော်တော်များများ ပါလာပါတယ်။

    ဦးထိန်လင်းကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
    ဟုတ်ကဲ့ပါခင်ဗျာ၊ ကျေးဇူးတင်ပါတယ်။    ။
 

၂၀၁၁ ပြည်သူ့ဂုဏ်ရည်ဆု အတွက် အမည်စာရင်း စတင်လက်ခံပြီ

၂၀၁၁ ပြည်သူ့ဂုဏ်ရည်ဆု အတွက် အမည်စာရင်း စတင်လက်ခံပြီ
RFA - Burmese Program - 2011-01-03

အမေရိကန်ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားတွေ စုပေါင်း စီစဉ်တဲ့ ပြည်သူ့ဂုဏ်ရည်ဆု ၂၀၁၁ ခုနှစ်အတွက် အမည်စာရင်းတွေ ပေးပို့ကြဖို့ ပြည်သူ့ဂုဏ်ရည်အဖွဲ့က ဇန်နဝါရီ ၂ ရက် မနေ့က ပြောပါတယ်။

RFA

အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ စုပေါင်း ချီးမြှင့်သော ပထမဆုံးအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုကို ဆွတ်ခူးခဲ့သည့် ရုပ်ရှင်သရုပ်ဆောင် ကျော်သူ (ရှေ့ဝဲ) ကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ တွေ့ရသည့် ယခင် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: RFA)

မြန်မာနိုင်ငံတွင်း လူမှု အထောက်အကူပြု လုပ်ငန်းတွေမှာ ကိုယ်ကျိုးမဖက် ဆောင်ရွက်နေသူတွေကို ဂုဏ်ပြုချီးမြှင့်ဖို့ ဒုတိယအကြိမ်မြောက် အခမ်းအနားကို လာမဲ့ မေလအတွင်း ကျင်းပဖို့ စီစဉ်နေတဲ့ အကြောင်း အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ကိုမောင်ရစ်က ပြောပါတယ်။

“အဲဒီအတွက် ဒီ ပြည်သူ့ဂုဏ်ရည် စေတနာရှင်တွေ၊ နောက် လုပ်အားပေးတွေက မြန်မာပြည်တွင်းမှာ ရှိတဲ့ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်း ကိုယ်ကျိုးစွန့်ပြီး စွမ်းဆောင်နေတဲ့ လူတွေ၊ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို စာရင်းကောက်ယူပြီးတော့ စုဆောင်းနေတယ်၊ အဲဒီအတွက် ဒီ အများပြည်သူကနေပြီးတော့ ပြည်သူ့ဂုဏ်ရည် ဝက်ဘ်ဆိုက်ကနေ အီးမေးလ်တွေကတဆင့် စာရင်းတွေ ပေးပို့လို့ ရတယ်၊ အမည်စာရင်းတွေ တင်သွင်းလို့ ရတယ်။”

“အဲဒီ အမည်စာရင်း တင်သွင်းတာကို ဒီ မတ်လကုန်အထိ လက်ခံနေပါတယ်။ ဒီ မတ်လကုန် ကျော်သွားတာနဲ့ ဧပြီလအတွင်းမှာ နောက်ဆုံး ဆန်ကာတင်စာရင်းတွေ ထုတ်ပြန်တာတွေ လုပ်မယ်။ နောက်ပြီးကျလို့ရှိရင်တော့ မဲအများဆုံး ရရှိတဲ့ စာရင်းကို ဒီ အင်တာနက်ကနေတဆင့် မဲဆန္ဒခံယူပြီးတော့ ထုတ်ပြန်မယ်။ မေလမှာ ဒုတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ၂၀၁၁ ခုနှစ်၊ ဂုဏ်ပြု ချီးမြှင့်တဲ့ အခမ်းအနား ကျင်းပမှာ ဖြစ်ပါတယ်။”

၂၀၁၁ ခုနှစ်အတွက် ဆုပေးပွဲကို ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ နှစ်စဉ်ကျင်းပမဲ့ အခမ်းအနား ဖြစ်တာကြောင့် အမေရိကန်ပြည်ထောင်စုအတွင်း ပူးပေါင်း ဆောင်ရွက်ကြတဲ့ မြို့တွေမှာ အလှည့်ကျစနစ်နဲ့ ရွေးချယ်ပြီး ဆုပေးပွဲ ကျင်းပမယ်လို့ သိရပါတယ်။

ပြည်တွင်းမှာ စေတနာဝန်ထမ်း လုပ်ကိုင်နေတဲ့ အဖွဲ့တွေ၊ စာရင်းပြုစု ပြန်ကြားချက်တွေနဲ့အတူ အများဆန္ဒနဲ့ ဂုဏ်ပြုဆု ချီးမြှင့်နိုင်ဖို့ ပြည်သူ့ဂုဏ်ရည်အဖွဲ့က စီစဉ်ဆောင်ရွက်နေတာပါ။

ပြီးခဲ့တဲ့နှစ်က ပထမဦးဆုံးအကြိမ် ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲအခမ်းအနားကို လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူကို အပ်နှင်း ချီးမြှင့်ခဲ့ပါတယ်။ ငွေသားဆုအဖြစ် အမေရိကန်ဒေါ်လာ ငါးထောင် သတ်မှတ်ထားပါတယ်။

ဖီးနစ်၊ အာရီဇိုးနားရောက် မြန်မာမိသားစုများက မြန်မာ့အရေးလှုပ်ရှားမှုများ စုဝေးပြုလုပ်

 ဖီးနစ်၊ အာရီဇိုးနားရောက် မြန်မာမိသားစုများက မြန်မာ့အရေးလှုပ်ရှားမှုများ စုဝေးပြုလုပ်

မိုးမခအထောက်တော် ၀၀၂

နိုဝင်ဘာ ၂၀၊ ၂၀၁၀

နိုဝင်ဘာ ၁၄ရက်က အာရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့၊ ကော်တးပန်းခြံတွင် ထိုဒေသရောက်  မြန်မာမိသားစုများ စုဝေးကြပြီး လက်ရှိ မြန်မာပြည် ရင်ဆိုင်နေရသော အရေးကိစ္စများအတွက် လှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ကြသည်။

Read more...

ဂီရိမုန်တိုင်းသင့် ဒုက္ခသည်များ ကူညီရေး ရန်ပုံငွေဈေးရောင်းပွဲ ဆန်ဖရန်ဘေးဧရိယာတွင် ကျင်းပ

ဂီရိမုန်တိုင်းသင့် ဒုက္ခသည်များ ကူညီရေး ရန်ပုံငွေဈေးရောင်းပွဲ ဆန်ဖရန်ဘေးဧရိယာတွင် ကျင်းပ

မိုးမခဓာတ်ပုံသတင်း

နိုဝင်ဘာ ၈၊ ၂၀၁၀

ယမန်နေ့ နံနက် ၁၀ နာရီက နေ့ခင်း ၂ နာရီအထိ နိုင်ငံတကာရခိုင်အမျိုးသားအသင်း (WAO – USA) အဖွဲ့က ကြီမှူးကျင်းပပြီး ဆန်ဖရန်ဘေးဧရိယာရှိ မြန်မာ တိုင်းရင်းသား လူမျိုးပေါင်းစုံ ၀ိုင်းဝန်းကြသော မြန်မာပြည် ရခိုင်ဒေသ ဂီရိမုန်တိုင်းသင့်သူများ ကူညီရေး ရန်ပုံငွေဈေးရောင်းပွဲကို အောင်မြင်စွာ ကျင်းပခဲ့သည်ဟု သိရှိရသည်။

Read more...

ပြည်သူ့ဂုဏ်ရည် ဆန်ဖရန်မိသားစု လာမည့်စနေ စာပေဟောပြောပွဲ သွား အားပေးကြမည်

ပြည်သူ့ဂုဏ်ရည် ဆန်ဖရန်မိသားစု လာမည့်စနေ စာပေဟောပြောပွဲ သွား အားပေးကြမည်

မိုးမခအထောက်တော် ၀၀၂

စက်တင်ဘာ ၃၀၊ ၂၀၁၀

လာမယ့် စနေနေ့၊ အောက်တိုဘာ ၂ ရက်၊ ညနေ ၅ နာရီက ၁၀ နာရီအထိ ကျင်းပမည့် ဆန်ဖရန်ဘေးဧရိယာ မြန်မာစာပေဟောပြောပွဲ (Los Cerritos Community Center, 3377 Alder Avenue (Cross Street Fremont Blvd), Fremont, CA 94536 - Speakers, Dinner, Classical Music Performance and Children Poem Recitation)) မှာ ဆန်ဖရန်စစ္စကိုဘေးဧရိယာက ပြည်သူ့ဂုဏ်ရည်မိသားစုများက တက်ရောက် အားပေးကြမည့်အပြင် ပြည်သူ့ဂုဏ်ရည် လှုပ်ရှားမှုတွေ မြန်မာအသိုင်းအ၀န်းအတွင်း ပိုမို သိရှိကျယ်ပြန့်စေဖို့ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပြည်သူ့ဂုဏ်ရည်တီရှပ်များ ရောင်းချပြီး ရန်ပုံငွေ ရှာဖွေခြင်းတို့ ပြုလုပ်ကြမယ် ဖြစ်ပါတယ်။

 

Read more...
  • «
  •  Start 
  •  Prev 
  •  1 
  •  2 
  •  3 
  •  4 
  •  5 
  •  Next 
  •  End 
  • »
Page 1 of 5