Home ပြည်သူ့ဂုဏ်ရည် ဆုချီးမြှင့်ခြင်း ပြည်သူ့ဂုဏ်ရည်ဆု ရွေးချယ်ပုံ

ပြည်သူ့ဂုဏ်ရည်ဆုအတွက် ရွေးချယ်ပုံ

E-mail Print PDF

၁) ပြည်သူ့ဂုဏ်ရည်ဆုအတွက် အမည်စာရင်းတင်သွင်းလွှာကိုလက်ခံခြင်း

ပြည်သူ့ဂုဏ်ရည်ဆုအတွက်အမည်စာရင်းတင်သွင်းလွှာကို သတ်မှတ်ထားသောအချိန်ကာလ အတွင်း မည်သူ မဆို အကန့်အသတ်မရှိ ပြည်သူ့ဂုဏ်ရည်အသင်း၏ အင်တာနက် ဝက်ဘ်ဆိုဒ်မှတဆင့်  တင်သွင်းနိုင်သလို စာတိုက်သေတ္တာမှတဆင့်လည်း ပေးပို့တင်သွင်းနိုင်ပါသည်။

၂) အမည်စာရင်းတင်သွင်းလွှာများကိုစိစစ်ခြင်း

- လက်ခံရရှိသောအမည်စာရင်းတင်သွင်းလွှာများကို ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲများကျင်းပရေး ဗဟိုလုပ်ငန်း ကော်မတီမှ ပြည်သူ့ဂုဏ်ရည်၏ မူဝါဒများနှင့်ကိုက်ညီမှုရှိမရှိဦးစွာစိစစ်ပါမည်။

- ပြည်သူ့ဂုဏ်ရည်၏ မူဝါဒများနှင့်ကိုက်ညီသော အမည်စာရင်းများကို ပဏာမ ၂၀ဦးရွေးချယ်သည့် အဆင့်သို့ ဆက်လက်တင်ပြသွားမည်။

၃) ပဏာမ ၂၀ဦး ရွေးချယ်ခြင်း

- အမည်စာရင်းတင်သွင်းလွှာ ပိတ်ချိန်မှ စတင်ရေတွက်လျှင် ၇၂ နာရီအတွင်း ဂုဏ်ပြုပွဲများကျင်းပရေး ဗဟို လုပ်ငန်းကော်မတီဝင်များက အမှတ်ပေးစနစ်ဖြင့် ပဏာမ ၂၀ဦးကို ဆန္ဒပြုရွေးချယ်သွားမည်။

- အမှတ်ပေးရာတွင် ပြည်သူ့ဂုဏ်ရည်၏ ရွေးချယ်ရေးဆိုင်ရာ မူဝါဒများဖြစ်သော ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံမှု၊ ကျယ်ပြန့်ထိရောက်အောင်မြင်အောင် ဆောင်ရွက်ပြီးစီးနိုင်မှု၊ နိုင်ငံသားများနှင့် လူ့ဘောင် လောကအတွက်စံပြဖြစ်မှု သုံးရပ်အပေါ်တွင် မူဝါဒတရပ်လျှင် အမြင့်ဆုံး ငါးမှတ်စီဖြင့်၊ မူဝါဒသုံးရပ်အတွက် ၁၅မှတ် အများဆုံးသတ်မှတ် ဆန္ဒပြုနိုင်သည့်ပုံစံဖြင့် ရွေးချယ်သွားမည်။

- ပဏာမ ၂၀ဦး အတိအကျ သတ်မှတ်မည်ဖြစ်ပြီး၊ အမှတ်တူနေရာများအတွက် ရွေးချယ်ရေးကော်မတီဝင် တဦးလျှင် ဆန္ဒမဲ တမဲပုံစံဖြင့် ထပ်မံဆုံးဖြတ်ရွေးချယ်သွားမည်။  

- အမည်စာရင်းတင်သွင်းခံရသော အသင်းအဖွဲ့နှင့် အဆိုပါအသင်းအဖွဲ့အတွင်း ပါဝင်လှုပ်ရှားဆောင်ရွက် နေသော လူပုဂ္ဂိုလ်တို့ တပြိုင်နက်တည်း အမည်စာရင်းတင်သွင်းခံရသည့်ကိစ္စရပ်များဖြစ်ပေါ်လာပါက ပြည်သူ့ဂုဏ်ရည်၏ မူဝါဒနှင့်ကိုက်ညီသော အမည်စာရင်းတင်သွင်းမှုတိုင်းကို အသင်းအဖွဲ့၊ လူပုဂ္ဂိုလ် မခွဲခြားဘဲ လက်ခံသွားမည်ဖြစ်သော်လည်း ပဏာမ ၂၀ဦး/ဖွဲ့ရွေးချယ်ရာတွင် အမှတ်အများဆုံးရသည့် တဦး/တဖွဲ့ကို သာ သတ်မှတ်ရွေးချယ်သွားမည်ဖြစ်သည်။

(ဥပမာ- ရွှေလူမှုရေးအသင်း။ အသင်း၏ ဥက္ကဌ ဒေါ်ကကြီး၊ အသင်း၏ အတွင်းရေးမှုး ဦးခခွေး စသဖြင့် အမည်စာရင်းတင်သွင်းမှုများ ရှိလာပါလျှင် …

(၁) ပြည်သူ့ဂုဏ်ရည်၏မူဝါဒများနှင့် ကိုက်ညီသည့်အမည်စာရင်းတင်သွင်းမှုများ ဖြစ်ပါက  တင်သွင်းသည့် အမည်စာရင်း အားလုံးကို လက်ခံသွားမည်။

(၂) ပဏာမ ၂၀ဦး/ဖွဲ့ အတွက် အမှတ်ပေးရွေးချယ်ရာတွင် ရွှေလူမှုရေးအသင်း ရမှတ် ၆၅မှတ်၊ ဒေါ်ကကြီး ရမှတ် ၆၆မှတ်၊ ဦးခခွေး ရမှတ် ၃၉မှတ် ဖြစ်နေခဲ့သည်ဆိုပါက  ရမှတ် အများဆုံးရသော ဒေါ်ကကြီး တဦး တည်းကို ပဏာမ ၂၀ဦး အတွက် ရွေးချယ်သွားမည်ဖြစ်ပြီး၊ ရမှတ်လျော့နည်းရရှိသည့် အသင်းအဖွဲ့တူ  ရွှေလူမှုရေးအသင်းနှင့် ဦးခခွေးတို့ကို ပဏာမ ၂၀ ဦးစာရင်းမှ ချန်လှပ်သွားမည်။

(၃) အကယ်၍ အမှတ်ပေးရွေးချယ်ရာတွင် ရမှတ်တူ ဖြစ်နေလျှင် အသင်းအဖွဲ့ကို ဦးစားပေးရွေးချယ်သွားမည်။ ဥပမာ - ရွှေလူမှုရေး အသင်း ရမှတ် ၆၅ မှတ်၊ ဒေါ်ကကြီး ရမှတ် ၆၅မှတ် တိုက်ဆိုင် တူညီနေပါက ရွှေလူမှုရေးအသင်းကိုသာ ပဏာမ ၂၀ စာရင်းအတွက် ရွေးချယ်မည်။)  

- ဂုဏ်ပြုပွဲများကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီမှ ရွေးချယ်ပေးလိုက်သော ပမာဏ ၂၀ဦးစာရင်းဝင်များ၏ လုပ်ဆောင်ချက်များကို ၇၂နာရီအတွင်း အပြီးသတ်ပြုစုပြီး နောက်ဆုံးဆန်ကာတင်ငါးဦးရွေးချယ်ရာတွင် ကိုးကားရမည့် လမ်းညွှန်လက်စွဲစာတမ်းအဖြစ် ပြည်သူ့ဂုဏ်ရည်မိသားစုဝင်မြို့အသီးသီးသို့ အမြန်ဆုံး ပေးပို့သွားမည်။ အသင်း၏ အင်တာနက်ဝက်ဘ်ဆိုဒ်မှလည်း ထုတ်ပြန်သွားမည်။  

၎) နောက်ဆုံးဆန်ကာတင် ငါးဦး/ဖွဲ့ ရွေးချယ်ခြင်း

- ပဏာမ ၂၀ဦးရွေးချယ်အပြီး ဆယ်ရက်အတွင်း၊ နောက်ဆုံးဆန်ကာတင် ငါးဦးကို ရွေးချယ်သွားမည်။

- နောက်ဆုံးဆန်ကာတင်ငါးဦး/ဖွဲ့ ကို ရွေးချယ်ရာတွင် ပြည်သူ့ဂုဏ်ရည်အစီအစဉ်တွင် ဝိုင်းဝန်းလုပ်ဆောင် နေကြသော မိသားစုဝင်မြို့အသီးသီးပါဝင်သည့် တယ်လီဖုန်း အစည်းအဝေး ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြည်သူ့ဂုဏ်ရည်မိသားစုဝင်မြို့များမှ မိမိတို့မြို့၏ မြန်မာမိသားစုအသိုင်းအဝိုင်း၊ အသင်းအဖွဲ့များမှ ရွေးချယ်၊ ဆန္ဒပြု ပေးထားသော နောက်ဆုံးဆန်ကာတင်  ငါးဦး/ဖွဲ့ စီကို အသီးသီးဆန္ဒပြုသွားကြမည်ဖြစ်သည်။

- အများဆုံးဆန္ဒပြုခံရသည့် ငါးဦး/ဖွဲ့ ကို နောက်ဆုံးဆန်ကာတင် ငါးဦး/ဖွဲ့ အဖြစ် သတ်မှတ်ထုတ်ပြန် ကြေငြာသွားမည်။

- တယ်လီဖုန်းအစည်းအဝေးသို့ မတက်ရောက်နိုင်သည့် မြို့များ၏ ဆန္ဒပြုချက်များကို ဂုဏ်ပြုပွဲများကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီသို့ အီးမေးလ်ဖြင့် ကြိုတင်ပေးပို့ထားနိုင်သည်။ အီးမေးလ်ဖြင့် ပေးပို့ရာတွင် ငါးဦး/ဖွဲ့ အတိအကျကို ပေးပို့ရန်ဖြစ်ပြီး၊ ငါးဦးထက်ကျော်လွန်သော အရေအတွက်ကို ပေးပို့လာလျှင် အက္ခရာစဉ် အလိုက် အမည်စာရင်းကို စီစဉ်ထားသည်ဖြစ်စေဦး၊ အမှတ်စဉ် တစ်မှ ငါးအထိကိုသာ ဆန္ဒပြုသည့် ငါးဦး/ဖွဲ့ အဖြစ်လက်ခံသွားမည်ဖြစ်သည်။ အမည်စာရင်း၏ ငါးဦး/ဖွဲ့၏ နောက်ပိုင်းရှိ အမည်များကို ဂုဏ်ပြုပွဲများ ကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီမှ လက်ခံသွားမည်မဟုတ်ပါ။

- နောက်ဆုံးဆန်ကာတင် ငါးဦး/ဖွဲ့ကို အတိအကျ သတ်မှတ်မည်ဖြစ်ပြီး၊ အကယ်၍ ဆန္ဒမဲများတိုက်ဆိုင် တူညီနေလျှင်၊ တမြို့ချင်းစီမှ ကိုယ်စားလှယ်များ၏ ဆန္ဒမဲများဖြင့်၊ နောက်ဆုံးဆန်ကာတင်ငါးဦး/ဖွဲ့ အဖြေ ပေါ်သည်အထိ ထပ်မံ ဆုံးဖြတ်သွားမည်။

- တယ်လီဖုန်းအစည်းအဝေး မတက်ရောက်နိုင်သည့်မြို့များသည် ထပ်မံမဲခွဲရန်လိုအပ်လာသည့် အခြေအနေ တိုင်းအတွက် ဆန္ဒမဲပေးပိုင်ခွင့်ကို စွန့်လွှတ်ပြီးဖြစ်သည်ဟု ဂုဏ်ပြုပွဲများကျင်းပရေး ဗဟိုလုပ်ငန်းကော်မတီမှ သတ်မှတ် ယူဆမည်။

၅) ပြည်သူ့ဂုဏ်ရည်ဆုရှင်ကို ရွေးချယ်ခြင်း

- နောက်ဆုံးဆန်ကာတင် ငါးဦး/ဖွဲ့ကို သတ်မှတ်ကြေငြာပြီးချိန်မှ ခုနစ်ရက်အတွင်း၊ အင်တာနက်ဆန္ဒပြုရွေးချယ် ခြင်းကိုပြုလုပ်မည်။

- ဂုဏ်ပြုပွဲကို လက်ခံကျင်းပမည့် အိမ်ရှင်မြို့၏စံတော်ချိန် နံနက် 0:00:01 အချိန်မှစတင်ပြီး၊ ဂုဏ်ပြုပွဲ မကျင်းပမီ တရက်အလို ညသန်းကောင်ယံ အချိန်အထိ ဆယ်ရက်တာကာလအတွင်း၊ အသင်း၏ အင်တာနက် ဝက်ဘ်ဆိုဒ်www.citizenofburma.org မှ အပြည်ပြည်ဆိုင်ရာရှိ မြန်မာမိသားစုအသိုင်းအဝိုင်းများ၏ ဆန္ဒမဲများကို ခံယူသွားမည်။

- အကယ်၍ ဆန္ဒမဲ အရေအတွက် ထူးခြားတိုက်ဆိုင်စွာ တူညီနေပါက ပူးတွဲဆုရှင်များအဖြစ် သတ်မှတ်သွား မည်ဖြစ်ပြီး ဂုဏ်ပြုမည့်ဆုငွေကိုလည်း အညီအမျှခွဲဝေ ဂုဏ်ပြုသွားမည်။


Last Updated ( Tuesday, 24 May 2011 00:02 )  
Share/Save/Bookmark